Thursday, May 31, 2012

အကောင်းသံသရာနှင့် အဆိုးသံသရာ


          ဓမ္မတာအားဖြင့် မြင့်မြတ်သူတို့ အုပ်ချုပ်သော နိုင်ငံသည် သာယာ၏။ ယုတ်ညံ့သူတို့အုပ်ချုပ်သောနိုင်ငံသည် မသာယာ။
             လောကဖြစ်စဉ်တို့သည်လည်းကောင်း၊ လောကချုပ်စဉ်တို့သည်လည်းကောင်း ပဋိစ္စ သမုပါဒ် ဒေသနာတော်အရ စက်ဝိုင်းသဖွယ်ဖြစ်ပါ၏။ ထို့ကြောင့် တရားနှင့် အညီ အုပ်ချုပ်သောဘုရင်များ စိုးစံသောအခါ နိုင်ငံတော်သည် သာယာအေးချမ်း၏။
               
အေးချမ်းသာယာသော နိုင်ငံတော် တရားနှင့်အညီ အုပ်ချုပ်သော ဘုရင်များပေါ်ပေါက်၏။ ဤသည်မှာ အကောင်း သံသရာ လည်ခြင်းဖြစ်၏။ အကျဉ်းအားဖြင့်ဆိုရလျှင် ဘုရင်ကောင်းလျှင် နိုင်ငံ ကောင်း၏။ နိုင်ငံကောင်းလျှင် ဘုရင်ကောင်း၏။
             
ထိုနည်းအတူပင် ဘုရင်ဆိုးလျှင် နိုင်ငံဆိုး၏ နိုင်ငံဆိုးလျှင် ဘုရင်ဆိုး၏။ ဤသည်မှာ အဆိုးသံသရာလည်ခြင်းဖြစ်၏။
             ဓမ္မတာအားဖြင့် ဘုရင်ဟူသည် နိုင်ငံ၏ မိဘဖြစ်၏။ မိဘဟူသည် သားသ္မီးများအပေါ် ဖြူစင်မြင့်မြတ် မေတ္တာကိုသာထားရမည်။ ထိုအခါ သားသ္မီး များက မိဘများအပေါ်ရိုသေလာကြ၏။ ထိုသို့ရိုသေလာခြင်းသည် ကုသိုလ်ဖြစ်၏။ ကုသိုလ်ဟူက အပြစ်မရှိခြင်း ကောင်းသော အကျိုးကိုပေးခြင်း လက္ခဏာ ရှိသည်သာ ဖြစ်၏။ ထို့ကြောင့် ကမ္မနိယာမ အရ “ဘုရင်ကောင်းလျှင် နိုင်ငံ ကောင်း၏။ နိုင်ငံကောင်းလျှင် ဘုရင်ကောင်း၏” ဟူသော အကောင်းသံသရာသည်လည်ရခြင်းဖြစ်၏။
            ဓမ္မတာအားဖြင့်ပင် ဘုရင်ဆိုးသောအခါ နိုင်ငံသူနိုင်ငံသားများ သန္တာန် မိဘ သဖွယ်ဖြစ်သောဘုရင်အပေါ် မကြည်ညိုခြင်း၊ ပြစ်မှာခြင်းသည်ဖြစ်၏။ မလေးစားခြင်းသည်ဖြစ်၏။ မကြည်ညိုခြင်း၊ ပြစ်မှားခြင်း၊ မလေးစားခြင်း ဟူသည်မှာ အကုသိုလ် ဖြစ်၏။ အကုသိုလ်ဟူက အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းသော အကျိုးကိုပေးခြင်း လက္ခဏာရှိသည်သာဖြစ်၏။ ထို့ကြောင့်  “ဘုရင်ဆိုးလျှင် နိုင်ငံဆိုး၏၊ နိုင်ငံဆိုးလျှင် ဘုရင်ဆိုး၏” ဟူသော အဆိုးသံသရာ လည်ရခြင်းဖြစ်၏။
          ဤသို့လျှင် နိုင်ငံနှင့်ဘုရင်တို့သည် မိမိတို့ ရင် ၌ကိန်းနေကြသော ကုသိုလ်နှင့် အကုသိုလ်တို့၏  အကျိုးပေးနိယာမအရ အကောင်းသံသရာ လည်း လည်နိုင်၏၊ အဆိုးသံသရာ လည်း လည်နိုင်၏။
      ဗုဒ္ဓ၊ 
လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်
                                           ( ဦးရွှေအောင်)မှ ထုတ်နူတ်ဖော်ပြပါတယ်။ 
                                                        မျှဝေခံစားနိုင်ကြသဖြင့် အသိဗဟုသုတများ တိုးပွားနိုင်ကြပါစေ။


No comments:

Post a Comment